Miss Ethnic Myanmar 2019 တွင် တအာင်းတိုင်းရင်းသူ ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်နေ

မိုင်းရူကော၊ မားနဂါး၊ ဇန်နဝါရီ ၂၂ ရက်၊ ရန်ကုန်။

ရန်ကုန်မြို့တွင် ကျင်းပနေသည့် Miss Ethnic Myanmar 2019 ပြိုင်ပွဲတွင် မူဆယ်မြို့နယ်မှ လွေးဆိုင်နွမ်နှင့် နမ့်ခမ်း မြို့နယ်မှ လွေးအေသိန်းဟန် တအာင်းတိုင်းရင်းသူ ၂ ဦးလည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

Miss Ethnic Myanmar 2019 ပြိုင်ပွဲကို ဇန်နဝါရီ ၂၅ ရက်မှ ၃ဝ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင်ကျင်းပမည့် မြန်မာနိုင်ငံတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးပွဲတော်ကြီး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းများအသင်းမှ ဦးစီးကာ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲအဆင့်များအဖြစ် Talent ပြိုင်ပွဲ၊ တူညီဝတ်စုံဖြင့်ယှဉ်ပြိုင်ခြင်း၊ ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ ရိုးရာညနေခင်းဝတ် စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ Top 16 နှင့် 8 ရွေးချယ်ခြင်း၊ မေးခွန်းဖြေဆိုယှဉ်ပြိုင်ခြင်း၊ Top 5 ရွေးချယ်ခြင်း၊ Speech ပြောဆို ယှဉ်ပြိုင်ခြင်းနှင့် Crowning Moment တို့ဖြစ်သည်။

၎င်းပြိုင်ပွဲသို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်း၊ ပအိုဝ်း၊ နာဂ၊ ဓနု စသည့် တိုင်းရင်းသား ၁၁ မျိုး ဝင် ရောက် ယှဉ်ပြိုင်လျက်ရှိသည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူကို ငွေကျပ် သိန်းတစ်ရာနှင့် ရှစ်ပါးရတနာသရဖူ၊ စလွယ်၊ ဒုတိယဆုအနေဖြင့် ငွေကျပ် သိန်း ငါးဆယ်၊ တတိယဆုအနေဖြင့် ငွေကျပ် သိန်းနှစ်ဆယ်အပြင် Best Talent, Best Original Costume, Miss Congeniality, Miss Popular, Miss Photogenic ရရှိသူများကိုလည်း ကျပ် ၅ သိန်းစီ ဆုချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

တိုင်းရင်းသားယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်နိုင်ရန်နှင့် တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီး စွာ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် MEEA ၏ သံတမန်အဖြစ်ကိုယ်စားပြုနိုင်ရန် ရည်ရွယ်၍ အဆိုပါပွဲအား ကျင်းပ ရခြင်းဖြစ်ကြောင်း ပွဲကိုဦးဆောင်ကျင်းပသည့်အဖွဲ့မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- လွေးဆိုင်နွမ်