ဘဝသစ် ပြန်လည်ထူထောင်နိုင်ဖို့ ကြိုးစားနေကြတဲ့ အဆိပ်သင့်ခဲ့သူများ

မိုင်းရူကော၊ မားနဂါး။

“ကျနော့်ကြောင့် အဒေါ်တစ်ယောက်ရဲ့ မျက်လုံးကို ထိခိုက်အောင် လုပ်လိုက်မိတာကို အခုချိန်ထိ နောင်တရနေတုန်းဘဲ” လို့ ပြောဆိုလိုက်တဲ့သူကတော့ တခြားလူမဟုတ်ပါဘူး။ မူးယစ်ဆေးဝါးကို အသက် ၁၉ နှစ်ကနေ ၂၇ နှစ်ထိ ၉ နှစ်ကြာ သုံးစွဲခဲ့တဲ့ မန္တလေးသား ကိုရန်နိုင်ဝင်းဘဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ၉ နှစ်ကြာ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးကို ဖြတ်နိုင်ဖို့အတွက် မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဖွင့်လှစ်ထားတဲ့ အလင်းအိမ် မူးယစ်ဆေးစွဲလူငယ်ပြုစုထူထောင်းရေးကျောင်းမှာ ကုသမှုခံယူရင်း ဘဝသစ်ပြန်လည်စတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ ၉ ကြာ သုံးစွဲခဲ့တဲ့ မူးယစ်ဆေးဝါးကို ဖြတ်စေချင်ရတဲ့အကြောင်းရင်းက ဘာတွေပါလဲ။

“ကျနော့်အဒေါ်က ဆေးဖြတ်စခန်းပို့မယ်လုပ်တော့ အဲတုန်းက သူ့မျက်လုံးကို ထိခိုက်အောင် လုပ်မိတယ်။ အဲတုန်းကလဲ စိတ်ရိုင်းဝင်နေတာ။ ကိုယ့်အတွက် ကောင်းတာလုပ်ပေးမှန်း မသိဘူးလေ။ ဒီကနေ အိမ်ပြန်သွားမှ ပြန်တောင်းပန်မှာပါ” ဆိုပြီး ကိုရန်နိုင်ဝင်းက ဆိုပါတယ်။

ကိုရန်နိုင်ဝင်းတစ်ယောက် အလင်းအိမ် မူးယစ်ဆေးစွဲလူငယ် ပြုစုထူထောင်းရေးကျောင်းကို ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှာ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ မွေးရပ်မြေဖြစ်တဲ့ မန္တလေးတိုင်း ထုံးဘိုမှာ မူးယစ်အစားထိုး မက်သဒုံးနဲ့ ၁ ကြိမ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

တစ်ဖန် ပြည်မြို့ ရွှေပြည်သာမှာ စိတ်ပိုင်းဆိုင်ရာကုထုံးနဲ့ ၅ ကြိမ်လောက် ဖြတ်ခဲ့ပေမဲ့လည်း မူးယစ်ဆေး ဆက်လက်သုံးစွဲချင်စိတ်ကို ဖျောက်မရတဲ့အဆုံးမှာတော့ မိုးကုတ်မြို့မှာ ဖွင့်လှစ်ထားတဲ့ အလင်းအိမ်ကို ရောက်ရှိလာခဲ့ပြီးနောက် ၁ နှစ်ကျော်အကြာမှာတော့ မူးယစ်ဆေးကို ဖြတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ကိုရန်နိုင်ဝင်းထက် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးကို စမ်းသပ်ရင်းကနေ စွဲမှန်းမသိ စွဲလမ်းခဲ့တဲ့ လူငယ်တွေလဲ ရှိနေပါတယ်။ အသက် ၁၆ နှစ်အရွယ်ကတည်းက မူးယစ်ဆေးကို သုံးစွဲခဲ့မိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ခံ ကိုမင်းကိုကိုကလဲ လက်ရှိမှာတော့ အလင်းအိမ်မှာ မူးယစ်ဆေးဖြတ်နေတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ပါ။

ကိုမင်းကိုကိုတစ်ယောက်လဲ အသက် ၁၆ နှစ်ကနေ ၂၃ နှစ်ထိ ၇ နှစ်ကြာ မူးယစ်ဆေးကို သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ မိသားစုနဲ့ဆွေမျိုးတွေရဲ့ ပစ်ပယ်မှုကို ခံရတော့ ဆေးဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ဒီဘဝကြီးကို တအားစိတ်ကုန်တယ်။ ဘယ်ကိုဘဲသွားသွား လူရာမဝင်တဲ့ အခြေအနေဖြစ်ခဲ့တယ်။ ပြီးတော့ ကိုယ့်ဆွေမျိုးတွေကလဲ ကိုယ့်ကို နှိမ်ချဆက်ဆံတယ်။ အဲလိုနဲ့ စိတ်အားငယ်လာခဲ့တယ်။ ဒါကြောင့် အခုလို ဆေးဖြတ်ဖို့ ကြိုးစားခဲ့တာပါ” လို့ သူက ပြောပါတယ်။

“အခုတော့ ကျနော် ဆေးဖြတ်သွားနိုင်ပါပြီ။ စဖြတ်တုန်းကတော့ ယင်းထတာမျိုးတွေ ဖြစ်တယ်။ ပြီးတော့ မိဘတွေကို ဒုက္ခပေးခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ ဆေးလိပ်တောင်မသောက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချထားပြီးသားပါ” ဆိုပြီး ကိုမင်းကိုကိုက ဆက်ပြောပါတယ်။

အခုလို မူးယစ်ဆေးဖြတ်လိုက်တဲ့နောက်မှာ မိဘတွေနဲ့ ဆွေမျိုးတွေကလဲ မကြာခဏ လာရောက်လည်ပတ်တာတွေ ရှိတယ်လို့လဲ သူက ဆိုပါတယ်။

မိုးကုတ်မြို့နဲ့ မိုင် ၂ဝ ကျော်သာဝေးတဲ့ မိုးမိတ်မြို့ဟာ မူးယစ်ဆေးရဲ့ ဝါးမြိုမှုကို နှစ်အတန်ကြာ ခံစားနေရပါတယ်။ ဒါကြောင့်လဲ လူထုအခြေပြုအဖွဲ့အစည်းတွေဟာ ၂ဝ၁၅ ခုနှစ်နောက်ပိုင်းကနေ စတင်ပြီးတော့ မူးယစ်ဆေးဝါးပြဿနာတွေကို မျက်ကွယ်ပြုတာတွေ မလုပ်တော့ဘဲ မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းကနေ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

ဒေသတွင်းမူးယစ်ဆေးဝါး ပြဿနာတွေကို ဖြေရှင်းရာမှာ နိုင်ငံ့အကြီးအကဲအပါအဝင် ဒေသခံတွေ ပူးပေါင်းပါဝင်မှသာလျှင် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းဟာ အောင်မြင်နိုင်မှာဖြစ်ကြောင်း အလင်းအိမ် မူးယစ်ဆေးစွဲလူငယ် ပြုစုထူထောင်းရေးကျောင်းရဲ့ ကျောင်းအုပ်ဖြစ်သူ ဦးနိုင်အောင်က ပြောပါတယ်။

“မူးယစ်ဆေးဝါးထိန်းချုပ်ဖို့တော့ နံပါတ် ၁ အနေနဲ့က သမ္မတနဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ ပါဝင်ဖို့ လိုတယ်။ နံပါတ် ၂ အနေနဲ့က ပြည်သူလူထုတွေ မိမိဒေသ၊ ကျေးရွာတွေမှာ တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် မဝေးတော့တဲ့ကာလမှာ မူးယစ်ဆေးဝါးတွေ ပပျောက်နိုင်တယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ ဦးနိုင်အောင်က သုံးသပ်ပြောဆိုပါတယ်။

မိုးကုတ်မြို့က ဒေသခံတွေအနေနဲ့ မူးယစ်ဆေးစွဲလာရတဲ့ အကြောင်းရင်းကတော့ ရွှေလုပ်ကွက်နဲ့ မိုးမိတ်မြို့က သစ်လုပ်ငန်းတွေက အဓိကအချက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ပင်ပန်းမှုဒဏ်ကို ခံနိုင်ရည်ရှိအောင်ဆိုပြီး ဆေးဝါးတစ်မျိုးအဖြစ် စတင်သုံးစွဲရာကနေ မူးယစ်ဆေးစွဲတဲ့အထိ ဖြစ်လာစေခဲ့တာပါ။

မူးယစ်ဆေး တိုက်ဖျက်ရေးမှာ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုဟာ ကျေနပ်လောက်တဲ့ အခြေအနေမျိုး မဟုတ်သေးသလို ဒေသတွင်းမှာ မငြိမ်းချမ်းတာကလဲ မူးယစ်ဆေးပြဿနာကို ပိုမိုကြီးထွားစေတဲ့ အဓိက အကြောင်းရင်းတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဆက်လက်ပြီး ဦးနိုင်အောင်က “နယ်မြေမငြိမ်းချမ်းတော့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချနေတဲ့သူတွေအတွက်က အခွင့်ကောင်းဘဲ။ တားမြစ်နယ်မြေတွေရှိတယ်လေ အဲနယ်မြေတွေကို အရပ်ဖက်အဖွဲ့တွေ ဝင်လို့မရဘူး။ အစပိုင်းတော့ မူးယစ်ဆေးဝါး တိုက်ဖျက်တဲ့နေရာမှာ ဌာနဆိုင်ရာနဲ့ ပူးပေါင်းတာ ခက်တယ်။ နောက်ပိုင်းမှ အားပေးကြပါတယ်။ ထဲထဲဝင်ဝင် ပူးပေါင်းတာ မဟုတ်သေးတော့ အားရကျေနပ်မှု မရှိသေးပါဘူး” လို့ ဆိုပါတယ်။

ဒါပေမဲ့ အရင်ဦးသိန်းစိန်စိုးရလက်ထက်မှာတော့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုကို အားမရပေမဲ့ လက်ရှိ NLD အစိုးရလက်ထက်မှာတော့ အာဏာပိုင်တွေရဲ့လုပ်ဆောင်မှုက ပိုကောင်းလာတယ်လို့ ဆိုပါတယ်။

အလင်းအိမ် မူးယစ်ဆေးစွဲလူငယ်ပြုစုထူထောင်းရေးကျောင်းကို မိုးကုတ်မြို့မှာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ပထမအသုတ်မှာ မူးယစ်ဆေးလာဖြတ်သူ ၄၅ ဦးနဲစတင်ခဲ့ရာကနေ ၂ဝ၁၉ ခုနှစ် မတ်လကုန် ၈ သုတ်မြောက်ထိ လူဦးရေ ၇၉ဝ ဦးကို ဆေးဖြတ်ပေးနိုင်ခဲ့ပေမဲ့ တစ်ချို့တွေကတော့ ဆေးဖြတ်ပြီးနောက်မှာ ပြန်လည်သုံးစွဲနေတာတွေလဲ ရှိနေတယ်လို့ သိရပါတယ်။

လူဦးရေ ၇၉ဝ ဦးထဲမှာ အသက် ၁၄ နှစ်ကနေ ၇၆ နှစ်ထိ ပါဝင်ပြီး အမျိုးသမီး ၉ ဦးလဲ ပါဝင်ပါတယ်။ ဆေးလာဖြတ်တဲ့သူ အများစုကတော့ တိုင်းနဲ့ပြည်နယ်အချို့က ဗမာ၊ ရှမ်း၊ ကချင်၊ လီဆူ၊ ဂေါ်ရခါး၊ ပလောင်၊ လားဟူ၊ ချင်း၊ ဓနု၊ နာဂ၊ တရုတ်နဲ့ ကိုးကန့်လူမျိုးတွေဘဲ ဖြစ်ပါတယ်။

အလင်းအိမ်မှာ မူးယစ်ဆေးလာဖြတ်သူတွေဟာ ဆေးဖြတ်ပြီး အိမ်ပြန်သွားတာမျိုးမဟုတ်ဘဲ ဆေးဖြတ်နေရင်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြစ်တဲ့ မှိုစိုက်နည်း၊ လောင်စာမီးသွေးလုပ်နည်း၊ အုတ်ရိုက်နည်း၊ လက်သမား၊ ပန်းရံ၊ မွေးမြူရေးလုပ်ငန်းတွေကိုလဲ သင်ကြားပေးနေတယ်လို့ ကျောင်းအုပ်ဖြစ်သူ ဦးနိုင်အောင်က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကတော့ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ လူထုတွေအနေနဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဖို့အတွက် လိုလားနေကြပါတယ်။

ဒါကြောင့်လည်း ပတ္တမြားမြေမှာ မူးယစ်တစ္ဆေရဲ့ ခြောက်လှန့်ခြင်းကနေ ရုန်းထွက်နိုင်ဖို့အတွက် လူထုတွေရဲ့ အင်အားက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတာကို သတိချပ်စေလိုကြောင်း…။

ဓာတ်ပုံ- The Marnagar